ရွာငံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ(အပျိုစင်)ဒေသကို ကမ္ဘာ့အလယ်တွင် ထင်ရှားလာစေရန် ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတက်ရေးအဖွဲ့(YTO)မှ သိရသည်။
ရွာငံမြို့နယ်မှထွက်ရှိသော ဒေသထွက်ကုန်များ တန်ဖိုးမြင့်ဈေးကွက်ဖြစ်ပေါ်စေရေး၊ ဒေသ၏ရိုးရာ ယဉ်ကျေးမှု ဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်အတူ ရေရှည်တည်တံ့ ခိုင်မြဲသည့် သဘာဝ အခြေခံစီးပွားရေး လုပ်ငန်းများကို ခရီးသွားလုပ်ငန်းများအဖြစ် ဝင်ငွေပိုမိုရရှိလာစေရန်အတွက် ခရီးသွားမြို့အဖြစ် မြန်မာသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားပေါ်လွင်လာစေရန် ရှမ်းပြည်နယ် အစိုးရခရီးသွားရန်ပုံငွေမှချမှတ်ပေးထားသော အစီအစဉ်တွင် ရွာငံမြို့ YTO အဖွဲ့နှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်းပြီး ရွာငံမြို့နယ်မြစေတီကျေးရွာ အနီးရှိ အရှေ့မြင် အနောက်မြင်တောင်တက် ခရီးစဉ်ကို တောင်ထိပ်၌ သန့်စင်ခန်းများ တည်ဆောက်ခြင်းနှင့် တောင်ခြေတွင်ယာဉ်ရပ်နားနေရာများ၊ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းအပြင် တောင်ခြေနဲ့မြစေတီနှစ်မိုင်ခန့်ကို ကျောက်ချောလမ်းအဖြစ်လုပ်ဆောင် လျက်ရှိကြောင်း YTO မှ ဦးကျော်သန်းက ပြောကြားခဲ့သည်။
ရွာငံမြို့နယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် ရွာငံမြို့မြောက်ပိုင်းတွင် ရှိသည့် ပေပေါင်း ၃၀၀ မြင့်သည့် တလုပ်ချရေတံခွန်စခန်း၊ ဆင်ဆာပြားဆင်လည်ရေဝင်ဂူ၊ ကျောက်ငှက်ဝန်တွင်းဂူ၊ ပြဒါးလင်းဂူ ၊ ပေပေါင်း ၇၇၅၂ ပေရှိအရှေ့မြင်အနောက်မြင်တောင်တက် ခရီးစဉ်၊ တောင်ပိုင်းရှိရေဖြူစမ်း၊ ရေပြာအိုင် တောကျယ်ရေတံခွန်၊ အလယ်ချောင်ရှစ်ထပ် ရေတံခွန်၊ မိန်းမရဲသခင်မတောင်၊ ယူကလစ်တန်း၊ အလွမ်းတောင် View Point ၊ မြင်းမူး View Point များအပြင်အခြားလည်ပတ်စရာများ၊ လေ့လာစရာများနှင့် ကမ္ဘာ့အဆင့်မီ ရွာငံဒေသထွက် ကော်ဖီများကိုလည်း လေ့လာခြင်းဖြင့် အလည်အပတ်ခရီးစဉ်များ လာရောက်နိုင်ပါရန် ကိုဗစ်အလွန်ခရီးသွား ဧည့်သည်များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)