ပျဉ်းမနား ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာသန့်ရှင်းသာယာလှပရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးက နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အခါတွင် မြို့နယ်အတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းစဉ်များကို ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာလှပရေးကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များသာမကဘဲ ကျေးရွာများအထိ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာလှပရေးကြီးကြပ်မှုကော်မတီဝင်များ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မိမိတို့ရပ်ကွက်/ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် မိမိတို့ဒေသအလိုက် မီးခိုးမြူငွေ့ကင်းရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏အားဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူရကျော်က မီးခိုးမြူငွေ့ဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်-သာယာဝှမ်း ချောင်းကူးတံတားတည်ဆောင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများကိုမှာကြားပြီး ကျည်တောင်ကျေးရွာတောင်သူများ၏ ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းသို့သွားရောက်ကာ မတ်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုပြီး သီးနှံအထွက်တိုးစေရေးအတွက် လိုအပ်သည့် သွင်းအားစုများကို နည်းစနစ်မှန်ကန်စွာဖြင့် စနစ်တကျထည့်သွင်းပြီး ပိုးမွှားရောဂါကျရောက်မှုအဖြစ်ပွားစေရေး ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)