နေပြည်တော် ဇန်နဝါရီ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ချောင်းမကြီး ရေလှောင်တမံနှင့် ဥတ္တရသီရိရေလှောင်တမံများသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံသို့သွားရောက်ပြီး တာဝန်ရှိသူများမှ တမံပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ချောင်းမကြီးတမံသည် နေပြည်တော်၏သောက်သုံးရေအတွက် အဓိကအားကိုးနေရသော ဆည်ဖြစ်သည့်အပြင် မြို့ပြဧရိယာနှင့် ဆက်စပ်လျက်ရှိသော ဆည် ဖြစ်သည်နှင့်အညီ တမံကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက် စနစ်တကျပြုပြင်ရန်၊ Vertical Filter ပုံမှန်အနေအထားရရှိအောင် ပြုပြင်ရန်၊ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိနိုင်သော လှိုင်းကာကျောက်ဘက်အခြမ်းရှိ တမံမြေသားအခြေအနေကို စစ်ဆေးပြီးကြံ့ခိုင်မှုကောင်းမွန်စေရန်အတွက် ယခုလိုပြုပြင်ချိန်တွင် တစ်ပါတည်း ပြုပြင်ဆောင်ရွက်ရန်၊ ကျန်လုပ်ငန်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီး ပါက တမံ၏ သာယာလှပရေးလုပ်ငန်းများကို ယခင်ထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ချောင်းမကြီးဆည်သည် ၂၀၀၂-၂၀၀၃ ခုဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့သောဆည်ဖြစ်ပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ၄၀၀၀၀ ဧကပေ သိုလှောင်နိုင်ပြီး ၎င်းဆည်မှ တစ်ရက်လျှင် ရေဂါလန် ၁၀ သန်းခန့်ကို ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ဝန်ကြီးဌာနရုံးကြီးများ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အဓိကပေးဝေလျက်ရှိပြီး နွေရာသီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်ရှိရပ်ကွက်များသို့ ရေပေးဝေခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မန္တလေးငလျင်ကြီးကြောင့် ပင်မတမံတွင် အလျား ၂၀၀၀ ပေ ပျက်စီးထိခိုက်မှုရှိခဲ့သည့်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ပြင်ဆင်ပြီးစီးမှု ၈၉ ဒဿမ ၅၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီကုန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး ယခုအခါ မူလရေပေးဝေရေးလုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ပြန်လည်ပေးဝေနေပြီ ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဥတ္တရသီရိမြို့သို့ ရေပေးဝေလျက်ရှိသော ငလျင်ဒဏ်ခံခဲ့ရသည့် ဥတ္တရသီရိဆည် ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ရေထုတ်ပြွန်ပြင်ဆင်နိုင်ရန်အတွက် တမံအတွင်းရှိရေများ လျှော့ထုတ်ခဲ့ပြီး တမံအတွင်းပိုင်းမှရေထုတ်ပြွန်ကို ယာယီမြေတားတမံ (Ring Bund) ဆောင်ရွက်ခဲ့မှု၊ ကွန်ကရစ်ရေထုတ်ပြွန်ကို ပိတ်ဆို့ပြုပြင်ခဲ့မှု၊ ပြုပြင်ချိန်နှင့် နောင်ကာလများတွင် တမံ၏ ကြံ့ခိုင်မှုကို မထိခိုက်စေရန်အတွက် ကြိုတင်ရေလျှော့ထုတ်နိုင်ရန် အကူရေပိုလွှဲ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အကူရေပိုလွှဲနေရာတွင် စနစ်တကျရေလျှော့ ထုတ်နိုင်မည့် ကွန်ကရစ်ရေတံခါးကို အမြန်ဆုံးပြီးစီးအောင် တပ်ဆင်ဆောင်ရွက်ရန်၊ တမံအခြေရှိ ရေစစ်ကျောက်ရိုးကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကျောက်ရိုးများပြုပြင်ရာတွင် ဆည်အတွင်း ရေသိုလှောင်မှုလျော့နည်းသည့်အချိန်တွင် ပြုပြင်နိုင်မည်ဖြစ်ပါသောကြောင့် တမံအတွင်းရှိ စုဆောင်းပြီးရေများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မြို့ရေပေးဝေရေးအတွက် သုံးစွဲရန်နှင့် လုပ်ငန်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)