ပင်လုံ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ကျူရုံးကျေးရွာဘုန်းကြီးကျောင်း၌ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးလက်ဒေသအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးစီမံချက်ဝင်ကျေးရွာရှိ အမျိုးသမီးစေတနာ့ဝန်ထမ်း၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက အဖွင့်အမှာစကားပြောကြား၍ ဆယ်အိမ်စုမှူးနှင့်ပတ်သက်သောအသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လွိုင်လင်ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်လေးဖြူမှ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေးဟောပြောပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်၍ လွိုင်လင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြသက်ခြူးက "သန့်(၄)သန့်" နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
၄င်းနောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပမှ အသိပညာပေးဟောပြောပေးသော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် အမျိုးသမီးကျန်းမာရေးဆရာမတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဆယ်အိမ်စုမှူးများအားတံမြက်စည်း၊ ဂေါ်ပြား၊ အမှိုက်ပုံးများပေးအပ်ကာ၊ ဆယ်အိမ်စုမှူးများအား အမျိုးသမီးရေးရာဝတ်စုံများ၊ တီရှပ်များ၊ ရင်ထိုးတံဆိပ်များ ပေးအပ်ခြင်းနှင့် တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ထို့နောက် ၄င်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သည် နံနက်ပိုင်းအချိန်ကလည်း ကျူရုံးဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံ ငါးပါးသီလခံယူကာ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းနှင့် ပင်လုံမြို့ရပ်ကွက် (၁) ရှိ ဒေါ်.ရွှေအုန်းနမ်းထောင်းခေါပုတ်လုပ်ငန်းအား ဝင်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)