နေပြည်တော် ဇန်နဝါရီ ၁၄
ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူကုန်ကူးမှုဟူသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဟောပြောပွဲတွင် လူကုန်ကူးသူများ၏ သဘောသဘာဝများကို မည်ကဲ့သို့ရှောင်ရှား ကာကွယ်ရမည်ဆိုသည့် အချက်များကိုသိရှိခွင့်ရမည်ဖြစ်သည့်အတွက် ရရှိလာသည့် အသိပညာများကို ကိုယ်တိုင်သုံးသပ်ပြီး မိမိပတ်ဝန်းကျင်ကို ပြန်လည်မျှဝေပေးစေလိုကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများ၊ လူကုန်ကူးမှုများးကို တားဆီးကာကွယ်နိုင်ရေးအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ မိသားစုများနဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်စေရေးနှင့် သတိထားရမည့်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး စာမှတ်စွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)