မိုးနဲ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်း အတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၆ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများပူးပေါင်းကာ ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က မိုးနဲမြို့နယ်တွင် မဲရုံ ၂၃ ရုံနှင့် ကျိုင်းတောင်းမြို့တွင် မဲရုံ ၁၆ ရုံရှိကြောင်း၊ မဲပေးစဉ် ဆက်သွယ်ရန်ခက်ခဲသော မဲရုံနေရာများ၌ ဆက်သွယ်မှုရရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ ရွေးကောက်ပွဲကာလ အဆင်ပြေပြေ ပြီးမြောက်အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်၊ မဲရုံများ၌ မီးဘေးလုံခြုံစေရေး ကြိုတင်ပြင်ဆင်ထားရန်၊ မဲပေးသူများ အေးချမ်းပျော်ရွင်စွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်၊ မိမိတာဝန်ကျရာနေရာတွင် ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောက်ရွက်သွားရန် ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူး စိုးလင်းအောင်က နယ်မြေခံတပ်ရင်းတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့်ပူးပေါင်းကာ မဲပေးရာတွင် လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာအလိုက် ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဇင်ကိုကို