ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

ကျိုင်းလပ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲခြင်းကို ယနေ့ နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည်များ ပြောကြားရာတွင် ကလေးအလုပ်သမား ဖြစ်ရစေသော အကြောင်းအရင်း၊ ဘေးအန္တရာယ်ရှိသော ကလေးလုပ်သား၊ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများကို ရှင်းလင်းပြောကြားပြီး အထူးသဖြင့် အဆိုးဆုံးပုံစံအဖြစ် ခိုင်းစေမှုများ လျော့နည်းပျောက်စေရန်ထိရောက်စွာ တားဆီးကာကွယ်ပေးကြရန်နှင့် ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသော စာအုပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)