နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းနှင့် ရေခဲမုန့်နှင့်ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဒက္ခိဏသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ပြည်သူများ သဘာဝဘေးဒဏ် ခံစားခဲ့ရသည့်အတွက် နိုင်ငံတော်အစိုးရက ကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဌာနများကို အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားကတော့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နေပြည်တော်ကောင်စီဘတ်ဂျက်ဖြင့် မန္တလေးငလျင်ဒဏ် ခံစားခဲ့ရသော ဒေသခံပြည်သူများနှင့် ဝန်ထမ်းမိသားစုများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ဝင်ငွေတိုးစီမံကိန်းကို ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွက် စက်ချုပ်နည်းပညာသင်တန်း၊ ဇမ္ဗူသီရိမြို့နယ်အတွက် ရေခဲမုန့်နှင့်ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းဆင်းများထဲမှ သင်တန်း (၁) ခုလျှင် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်လုပ်ကိုင်မည့်သူ (၅) ဦးကို ရွေးချယ်ပြီး သင်တန်းနှင့်စပ်လျဉ်းသည့် စက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များတွင်ဖွင့်လှစ်မည့် စက်ချုပ်နည်းပညာသင်တန်းကို အခြေခံ ၃၀ ရက်နှင့် မွမ်းမံ ၁၅ ရက် စုစုပေါင်း ၄၅ ရက်၊ ဇမ္ဗူသီရိမြို့နယ်မှာ ဖွင့်လှစ်မည့် စားသောက်ကုန်သင်တန်းကို အခြေခံ ၇ ရက်နှင့် မွမ်းမံ ၇ ရက် စုစုပေါင်း ၁၄ ရက်ဖြင့်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)