ဧရာဝတီမြစ်ရေလမ်းကောင်းမွန်ရေးနှင့် ဒုဋ္ဌဝတီမြစ်ကမ်းထိန်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း

ချမ်းအေးသာစံ  ဇန်နဝါရီ ၁၄

ဧရာဝတီမြစ် မန္တလေးမြို့အဝင်ရေလမ်းကောင်းမွန်ရေးနှင့် ဒုဋ္ဌဝတီမြစ်ကမ်းထိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့်အရှည်ဆုံးဖြစ်သည့် ဧရာဝတီမြစ်ကို အမှီပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်နေသူများ၊ ကုန်စည်စီးဆင်းမှု နှင့် ရေလမ်းအသုံးပြုသူများအတွက် အရေးအပါဆုံး မြစ်ကြီးတစ်စင်းဖြစ်ပါကြောင်း၊ မန္တလေးမြို့ဆိပ်ကမ်းရေလမ်းဖွံ့ဖြိုးစေရေးနှင့်ရေစီရေလာကောင်းမွန်ရေး ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်သည့်ကာကွယ်နိုင်မှုရှိစေရေးနှင့် ကုန်ကျစရိတ်အရ အကျိုးသက်ရောက်မှု လိုက်လျောညီထွေဖြစ်စေရန် ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိမ်ကောမှုမဖြစ်အောင်၊ လမ်းပန်းဆက်သွယ်ရေး ရေကြောင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)ဦးထွန်းနိုင်ဝင်းက လက်ရှိမြို့အဝင်ရေလမ်းအခြေအနေ၊ ရေလမ်းဖွံ့ဖြိုးစေရေး ရေရှည်အစီအမံများ၊ ကမ်းပါးတစ်လျှောက် ကာကွယ်ထိန်းသိမ်းထားသော ကမ်းထိန်းတမံများ သာယာလှပမှုရှိ‌စေရေး ပြုပြင်ထိန်းသိမ်းရန် နည်းပညာဆိုင်ရာပံ့ပိုးမှုများဖြင့် သောင်တူးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ညောင်ဦးမြို့နယ်ရှိ ဗူးဘုရားကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆောင်ရွက်မည့်လျာထားလုပ်ငန်းများ၊ ညွှန်ကြားရေးမှူး (ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန) ဦးဇော်လွင်က တံတားဦးမြို့နယ် ဒုဋ္ဌဝတီမြစ်အတွင်းဆောင်ရွက်ခဲ့သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီး တို့ကြောင့် မူလကမ်းပါးအခြေအနေနှင့် ကမ်းထိန်းလုပ်ငန်းများထိခိုက်ပျက်စီးခဲ့မှု၊ နည်းပညာကော်မတီ၏သုံးသပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြား၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)