ကျေးသီး ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့လယ် ၁ နာရီခွဲအချိန်က ကျေးသီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကကျေးသီး၌ ပြည်ထောင်စုနေ့ (အကြို) အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်မှ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက်ပြင်ပစာ ပေများကိုပါလေ့လာဖတ်ရှုကြရေးတို့ကိုပါ ဟောပြောခဲ့ပါသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ လေ့လာနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)