နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တစ်မိနစ်မတ်တပ်ရပ်ငြိမ်သက်ခဲ့သည်။ ယင်း‌နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေအိမ်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ ကနဦးစာရင်းအရ တစ်စိတ်တစ်ပိုင်း (၁၅၀၇) လုံး၊ လုံးဝပျက်စီး (၁၀၅၀၆) လုံး၊ စုစုပေါင်း (၁၂၀၁၃) လုံးပျက်စီးခဲ့ပြီး ထောက်ပံ့ငွေ ပထမအကြိမ် ထောက်ပံ့ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ငွေသားထောက်ပံ့ရန် ကျန်ရှိသည့်နေအိမ် အမျိုးအစားများဖြစ်သည့် ၁-ထပ်တိုက်၊ ၂-ထပ်တိုက်၊ ၃-ထပ်တိုက်နှင့်အထက်တို့အား ငွေသားထောက်ပံ့ပေးအပ်မည့်အပြင် နေအိမ်အမျိုးအစားအားလုံးကို သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများအား တစ်ပါတည်း ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ ပျက်စီးနေအိမ်များအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ သံချောင်း၊ ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ရန်အတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှလည်း အိမ်ဆောက် ပစ္စည်းများအား မြို့နယ်အသီးသီးသို့ ပေးပို့နေပြီဖြစ်ပါကြောင်း၊ ငလျင်ဘေးကြောင့် ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ နေအိမ်များ ပြိုကျခဲ့မှုအပေါ် အသစ်ပြန်လည်တည်ဆောက်ပါက မိမိတို့၏ နေအိမ်များရှေ့တွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းဘေး ရေနုတ်မြောင်းများ တူးဖော်ခြင်းများ ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပမှ လှူဒါန်းပစ္စည်းများ၊ အာဆီယံမှ ဆန်ရိက္ခာများအား ငလျင်ဘေးသင့်သူများထံသို့ အညီအမျှခွဲဝေ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးဆိုတာ မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ ဘေးအန္တရာယ်ဖြစ်သည့်အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်နေတဲ့အချိန်မှာ အသိ၊ သတိနဲ့ မိမိကိုယ်ကို ဘေးအန္တရာယ် လွတ်ကင်းအောင် ရှောင်ရှားနိုင်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် နေပြည်တော်တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး၊ အလားတူ ငလျင်ဘေးဒဏ်လည်း ကြုံတွေ့ခဲ့ရပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် မီးဘေးသတိပြုရန် လိုက်လံ နှိုးဆော်သတိပေးဆောင်ရွက်မှုများ ပြုလုပ်ကြရန် လိုအပ်ပါကြောင်း၊ Clean City Green City | Smart City ဖြစ်စေရေး ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးရာတွင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပြီး အမှိုက်များ စွန့်ပစ်မှုနှင့်ပတ်သက်၍ စနစ်တကျ စီမံခန့်ခွဲ၍ စွန့်ပစ်စနစ်များ သေချာစွာ ဆောင်ရွက်ကြရမှာဖြစ်ပြီး ခြုံနွယ်ပိတ်ပေါင်းများကိုလည်း ရှင်းလင်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးအမျိုးအစား များစွာရှိပြီး နေပြည်တော်အတွင်း ဖြစ်နိုင်ခြေရှိသော ဘေးအမျိုးအစားများအား ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပြန့်ပွားစေရေး ဇာတ်တိုက်လေ့ကျင့်မှုများအား ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျလေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်များအနေဖြင့် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ငွေသားနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ရာတွင် အိမ်အမျိုးအစားအလိုက်၊ ပျက်စီးမှုအလိုက်ခွဲခြား၍ စနစ်တကျ ထောက်ပံ့သွားရန် ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ ပျဉ်းမနားမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးမှ ဇမ္ဗူသီရိမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဇေယျာလင်းမှ ဒက္ခိဏသီရိမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးမြင့်စိုးမှ လယ်ဝေးမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးမင်းဦးမှ တပ်ကုန်းမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဟန်သူမှ ဥတ္တရသီရိမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ်မှ ဇေယျာသီရိမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ ကောင်စီဝင် ဦးဝင်းမိုးခိုင်မှ ပုဗ္ဗသီရိမြို့နယ်သို့ ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားအပြီးတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ဘိလပ်မြေ ၁၀၁၂၈၂၇-အိတ်၊ သွပ် ၃၃၁၄၉၅-ချပ်၊ သံချောင်း ၁၆၉၀၇-တန်၊ သစ် ၂၁၈၀၉.၈၇၈-တန်နှင့် ထောက်ပံ့ငွေကျပ် ၁၁၀၉၂၁.၀၄၉၅ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန် ရှိသူများနှင့်အတူ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၁)နှင့်(၂)တို့၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်ရေး၊ ဧည့်ရိပ်သာအတွင်းရှိ အခန်းများ အဆင်သင့်နေထိုင်‌နိုင်အောင် အမြန်ဆုံး ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပရေး အမြဲမပြတ်တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)