နေပြည်တော် ဇန်နဝါရီ ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၀ ရက်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော လေးခန်းတွဲ၊ လေးထပ်အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်၊ ကြိုးကြာအင်းကျေးရွာ၊ ကွင်းအမှတ်(၉၈၁)တွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ဧက ၃၀ ဧက အတွက် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကွင်းအတွင်း စားဖိုဆောင်သုံးသီးနှံများနှင့် ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးကာ တောင်သူများအား သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုရေးတို့ကို မှာကြားပြီး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ သပြေသာကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉) တောင်သူ ဦးဇော်မိုး၏ ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကွင်းအတွင်းရှိ စိုက်ပျိုးမြေများကို မြေချဉ်ငန်ကိန်း လက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာရယူ ဆောင်ရွက်ခြင်းများကို တောင်သူများအား လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး သီးနှံများအား မိုး၊ ဆောင်း၊ နွေ ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ သီးလှည့်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ရေး၊ ရေရရှိရေးနည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကုန်စည်ဒိုင်ရုံးဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး၊ သီးနှံထွက်ကုန်များအား ကုန်ကြမ်းအဖြစ်မှ ကုန်ချောအဖြစ်သို့ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်များ ပုံမှန်လည်ပတ်၍ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး တို့ကိုမှာကြားပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME အသင်းဝင်များ၊ ကုန်စည်ဒိုင်အသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။
ဦးစွာ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများ ဖွံ့ဖြိုးလာရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ နိုင်ငံအတွင်း ဒေသဝမ်းစာဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး တန်းစဉ်ကူးပြောင်းမှုမှန်ကန်စေရေး၊ အသက်မွေးဝမ်းကျောင်းအဖြစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများသို့ တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့်လိုအပ်သည်များမှာကြားပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)