မိုင်းပျဉ်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
မိုင်းပျဥ်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်သူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM စက်မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုး တပ်ဆင်ခြင်းနှင့် ကုတ်နံပါတ်များစစ်ဆေးဆောင်ရွက်ပြီး နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်စာရင်းပါ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းလွတ်လပ်စွာ လာရောက်ဆန္ဒမဲပေးကြသည်။ မိုင်းပျဥ်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် မဲရုံ(၅၇)ရုံ ဖွင့်လှစ်ထားရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၃၈၇၆၀)ဦးရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဖြင့် လျင်မြန်စွာ မဲပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုံခြုံရေးနှင့် လိုအပ်သည်များစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)