ရေး ဇန်နဝါရီ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မွန်ပြည်နယ် ရေးမြို့နယ်(လမိုင်းမြို့နှင့်ခေါဇာမြို့)အပါအဝင် မဲရုံ အသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။
ဦးစွာမဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍လုံခြုံရေး ကြိုးတပ်ဆင်ပြီးနောက် နံနက်(၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းအမှတ်စဉ် လက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့်လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ရေးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။ရေးမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၂၉ ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၄၇၆၃၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မင်းမင်း