ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စတင်ဆန္ဒမဲပေး

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသည် နံနက်(၆)နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိကြပြီး မဲရုံဖွင့်လှစ်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းများအား တိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွှတ်တော်အသီးသီးတို့တွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့တွင် မဲရုံစုစုပေါင်း (၁၂၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၈၇၅၅ )ဦးထိရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)