အင်တော ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်(၆)နာရီမှစတင် မဲဆန္ဒရှင်ပြည်သူများစနစ်တကျ အေးချမ်းစွာ လာရောက်မဲပေးလျက်ရှိသည်။
မဲရုံများမဖွင့်လှစ်မီ အင်တောမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများ၊ အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ် ဆေးခြင်း ကိုယ်စားလှယ်လောင်းများ အားကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် မဲရုံမှူးများက နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ရွေးချယ်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
အင်တောမြို့အတွင်းရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် အုံးကွဲ၊ နန်းကောင်းမှု၊ကျောက်ဂူ၊ နောင်ဝိုးနှင့် နောင်လုံကျေးရွာအုပ်စုများတွင် မဲရုံပေါင်း(၂၂)ရုံ ဖွင့်လှစ်ထားရှိပြီး ပြည်သူများကအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)