ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ လှိုင်ဇေယျာခန်းမရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၁၂)ရပ်ကွက်၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ အမျိုးသားအားကစားပြိုင်ပွဲ ရုံ (၂)ရှိ မဲရုံအမှတ် (၅) ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၂)၊ မဲရုံအမှတ် (၃)နှင့် နံ့သာကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ အမှတ်(၁) ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ် (၂) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် ဈေးကလေးရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁) ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

အလားတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လှည်းကူးမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ပန်းဘဲတန်းမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ထန်းတပင်မြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်က ရွှေပြည်သာမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)