ဒေါပုံ ဇန်နဝါရီ ၁၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီအချိန်က စတင်၍ မဲရုံအသီးသီးတွင် တစ်ပြိုက်နက် မဲရုံများဖွင့်လှစ်၍ စတင်မဲပေးခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရာပြည်သူများ တက်ကြွပျော်ရွှင်စွာ မဲဆန္ဒများလာရောက်ပေးခဲ့ကြပါသည်။
ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင်မဲပုံများဖွင့်လှစ်စစ်ဆေးပြသခြင်းနှင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များဖြင့် စမ်းသပ်မဲဆန္ဒများပေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် မဲရုံများကို နံနက် (၆) နာရီအချိန်တွင် တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ကြပြီး မဲဆန္ဒပေးသူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ကြိုတင်ဖြန့်ဝေထားသည့် မဲစလစ်များနှင့် မဲစာရင်းများ ရှာဖွေခြင်းအပြင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို Tablet များဖြင့် မြန်ဆန်စွာရှာဖွေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဒေါပုံမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၄)ရပ်ကွက်ရှိရာ မဲဆန္ဒရှင်ပြည်သူ (၄၄၄၀၃) ဦး မဲပေးနိုင် ရေးအတွက် မဲရုံပေါင်း (၃၈)ရုံကို စနစ်တကျပြင်ဆင်ဆောင်ရွက်ပေးထားပါသည်။ ထိုသို့ မဲဆန္ဒများ ပေးရာတွင် ပြည်သူများ လုံခြုံအေးချမ်းစွာ မဲဆန္ဒပေးနိုင်ရေးအတွက် မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းဝင်းစိန်နှင့် အဖွဲ့ဝင် များက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)