သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

သံဖြူဇရပ် ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂)တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အသိပေးနှိုးဆော်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အစီအစဥ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အပိုင်း(၂)ဇန်နဝါရီ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်စေရေးမဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် သွားရောက်ကြည့်ရှုကြစေရေး၊ မဲပေးရာတွင်မှတ်ပုံတင်ကတ်ပြားများ တစ်ပါတည်းယူဆောင်လာကြစေရေးကို လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပသည့် ဇန်နဝါရီ (၁၁)ရက်နေ့ မဲ‌ပေးခြင်းပြီးစီးသည့်အချိန်ထိ သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း၊ ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး နံနက်(၆)နာရီမှ ညနေ (၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးကြရန် အသိပေးနှိုးဆော်ပါကြောင်းတို့ကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ တာဝန်ရှိသူတို့မှ မွန်/မြန်မာနှစ်ဘာသာဖြင့်လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)