ကော့မှူး ဇန်နဝါရီ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်း (ရေတာရှည်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.မ.က ရေတာရှည်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးထိုက်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများ ချစ်မြတ်နိုးပြီး ကျောင်းစာအပြင်ပြင်ပစာပေများ ဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ပြီး သုတ/ရသစာအုပ်များကို နှစ်ပတ်လျှင်တစ်ကြိမ် အသစ်လဲလှယ်ငှားရမ်းပေးခြင်းနှင့် စာဖတ်သူတိုးပွားရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပရာ အ.မ.က (ရေတာရှည်) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ဦးကျော်သူရ