ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက မဲရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယမန်နေ့ နေ့လယ် ၃ နာရီချိန်က မဲရုံ ၁၁ ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကဥက္ကဋ္ဌ ဦးအောင်ကိုက သတ်မှတ်မဲရုံများအလိုက် ရွေးကောက်ပွဲကျင်းပဆောင်ရွက်ရမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှုအဆင်ပြေချောမွေ့စေရန်၊ မဲပေးပုံအဆင့်ဆင့်ကို တီဗီမှတစ်ဆင့် စဉ်ဆက်မပြတ်ပြသမှုရှိစေရေး၊ မဲရုံတာ၀န်ကျ၀န်ထမ်းများ အဆင်ပြေစွာတာ၀န်ထမ်းဆောင်နိုင်ရေး၊ မဲပေးစက်များ ထားရှိမည့်နေရာ အကျယ်အ၀န်း၊ မဲရုံပရဝဏ်အကျယ်အဝန်းနှင့် ပြည်သူများမဲပေးရာတွင် မဲရုံအ၀င်လမ်းနှင့် အထွက်လမ်းများ စနစ်တကျသတ်မှတ်ပေးနိုင်ရေးများကို တာ၀န်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

အဆိုပါမဲရုံများ စစ်ဆေးရာသို့ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြို့နယ်တွင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြုသစ် (မြောက်ပိုင်း) မြို့နယ်တွင် မဲဆန္ဒပေးရန်အတွက် အသက် (၁၈) နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၀၃၆၈) ဦးရှိပြီး ရပ်ကွက် (၂၇) ခုတွင် လျာထားမဲရုံ ၈၅ ခုရှိကြောင်း တာ၀န်ရှိသူများထံက သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)