တာမွေ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဂီတအစည်းအရုံး အမှုဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် ဂီတအစည်းအရုံးအမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့် (စာရေးဆရာ မျိုးနွယ်ဆွေ) မှ တာမွေမြို့နယ်ဂီတအစည်းအရုံးအနေဖြင့် မြို့နယ်အတွင်း သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ဂီတအစည်းအရုံး အမှုဆောင်ကော်မတီအတွင်းရေးမှူးနှင့် အမှုဆောင်များက မြို့နယ်ဂီတအစည်းအရုံးအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်ဂီတအစည်းအရုံး အမှုဆောင်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် ဂီတအစည်းအရုံးအမှုဆောင်ကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)