ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မိုးကောင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ကြည့်ရှု‌စစ်ဆေး

မိုးကောင်း ဇန်နဝါရီ ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ အီလက်ထရောနစ်မဲပေးစက်ဖြန့်‌ဝေနေမှုနှင့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ယမန်နေ့တွင် လိုက်လံကြည့်ရှု‌စစ်‌ဆေးကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံသည် မိုးကောင်းမြို့တော်ခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအသီးသီးရှိမဲရုံများသို့ အီလက်ထရောနစ်မဲပေးစက် ဖြန့်ဝေနေမှု၊ မဲစာရင်းရှာဖွေရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် မဲစာရင်းများထည့်ထားသည့် တက်ပလက်များဖြန့်ဝေနေမှုတို့အား ကြည့်ရှုသည်။

ဆက်လက်၍ မိုးကောင်းမြို့ပေါ်၌ ရပ်ကွက်အသီးသီးရှိမဲရုံများနှင့်နမ္မတီးမြို့ရှိ မဲရုံတို့အား မဲပေးစက်ဖြင့် မဲရုံခင်းကျင်းထားရှိမှုကို စစ်ဆေးရာတွင် မဲဆန္ဒရှင်များမဲပေးရာတွင် လျှင်မြန်လွယ်ကူစေရေး၊ ညနေသတ်မှတ်ချိန်ပြီးမြောက်သော်လည်း မဲရုံပရဝဏ်အတွင်းရှိ ကျန်ရှိနေသည် မဲဆန္ဒရှင်များအား စာရင်းကောက်ယူပြီး ကုန်ဆုံးသည်အထိ မဲပေးဆောင်ရွက်စေရေးကို မဲရုံတာဝန်ခံများအား မှာကြားပြီး မဲရုံအင်္ဂါရပ် ပြည်စုံမှန်ကန်မှုရှိ/မရှိတို့အား ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)