ရန်ကင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကင်း ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မွေးကင်းစမှ အသက်(၁) နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေး ငယ်များ ကိုယ်အလေး ချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ က ပူးပေါင်း၍ ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းများအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကာကွယ်ဆေး လာရောက် ထိုးနှံသူ မိဘများနှင့် ကလေးငယ်များကို Mask များ တပ်ဆင်လာစေရေး၊ စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့ကိုပါ စီမံဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကာကွယ်ဆေးထိုးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင် (ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါ ကာကွယ် ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)