ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့ကျောင်းတော်” သီချင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် သက်ဆိုင်ရာအတန်းအလိုက် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထိုကဲ့သို့ ထူးချွန်အောင် သင်ကြားပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ဝေယံ (ပြန်/ဆက်)