ဒဂုံအရှေ့ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တာဝန်ခံပညာရေးမှူး ဦးတင်အောင်လင်းက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆုရရှိသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းတွင်း ဘက်စုံလှုပ်ရှားထူးချွန်ဆုများကို ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် မာဂဓီသာစည်ဘုန်း တော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မင်္ဂလာပါသီချင်းဖြင့် ဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော်အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ