တာလေ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မိဘဆရာတွေ့ဆုံပွဲနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလွန်ကျောင်း(သီရိ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား အခြေခံပညာမူလွန်ကျောင်း(သီရိ)မှ ကျောင်းသား/ကျောင်းသူများက “ထာဝရသစ္စာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် တာချီလိတ်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးထွန်းလှိုင်က ထပ်ဆင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက မိဘဆရာတွေ့ဆုံပွဲနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့်တာဝန်ရှိသူများက မိဘဆရာတွေ့ဆုံပွဲနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြသည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)