ပူတာအို ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် (၁၀) နာရီက အ.ထ.က (ပူတာအို)ကျောင်းကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(ပူတာအို)ကျောင်း Grade-9/10/11 ကျောင်းသူလေးများက “စုံညီပွဲတော် တူနွဲပျော်” သီချင်းဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က ပညာရေးစုံညီပွဲတော်ကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅- ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ဆုနှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအဆင့်နှင့် မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသူများအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဉာဏပြိုင်ပွဲ အသီးသီးမှဆုရရှိသူများအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်းအသီးသီးဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် အ.ထ.က(ပူတာအို) ကျောင်းသား၊ ကျောင်းသူလေးများ၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး အ.ထ.က(ပူတာအို) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေလာက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အစီအစဉ်ဒုတိယပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)