နေပြည်တော် ဇန်နဝါရီ ၉
နေပြည်တော်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုကြောင့်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုမှသာ သတ်မှတ်အထွက်နှုန်း တိုးတက်ရရှိမည်ဖြစ်ပြီး ဓာတ်မြေဩဇာကို နည်းစနစ်တကျ အသုံးမပြုကြခြင်းနှင့် မြေအမျိုးအစားကိုသိရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် အထွက်နှုန်းလျော့နည်းမှုများရှိသဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် တောင်သူများ လိုက်နာဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာဌာနများမှ မြို့နယ်အဆင့်၊ ကျေးရွာအဆင့်ထိ အသိပညာပေးပြီး ကြီးကြပ်ပေးရန်လိုအပ်ပါကြောင်း၊ MSME ထုတ်ကုန်များ ဆန်းသစ်တီတွင်မှုရှိလာစေရန်၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တိုးတက်အောင်မြင်လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ် အကောင်အတည်ဖော်ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့်နည်းပညာဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာများ ပံ့ပိုးပေးခြင်း၊ MSME ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပပေးပြီး MSME ကဏ္ဍတိုးတက်စေရေးကို ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် "နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လူငယ်များအားလုံး ပညာသင်ကြားနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခမဲ့ပညာရေးစနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် နှစ်ဆုံးစာမေးပွဲများ ဖြေဆိုကြရမည့် ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့်ဖြေဆိုနိုင်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ယနေ့ခေတ်တွင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသည် နေထိုင်မှုပုံစံကြောင့် ရောဂါမျိုးစုံဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများအနေဖြင့် ကျန်းမာရေးအရ လမ်းလျှောက်လေ့ကျင့်ခန်းကို ပုံမှန်ဆောင်ရွက်ပေးစေလိုကြောင်း၊ လမ်းလျှောက်ခြင်းသည် အချိန်မကုန်၊ ငွေကြေးကုန်ကျမှုမရှိသည့် အကောင်းဆုံးသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အတွက် ပုံမှန်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ၊ မြို့ရွာများနှင့် လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ယခုအချိန်သည် ပွင့်လင်းခြောက်သွေ့သည့် ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် အထူးဂရုပြုကြစေလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)