ဇမ္ဗူသီရိ ဇန်နဝါရီ ၉
ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၊ သမဝါယမဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌမှ သဘာပတိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးမှ ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။ ထိုသို့ဖတ်ကြားတင်ပြခဲ့ရာတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုဆောင်ရွက်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်များအား သက်တမ်း (၅)နှစ်ပြည့်ပြီးဖြစ်ပါ၍ အစည်းအဝေးပထမပိုင်းတွင် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ လစ်လပ်လျက်ရှိသော အမှုဆောင်အဖွဲ့အား အသစ်ပြန်လည်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ အဆိုပြု၊ ထောက်ခံ၊ ရွေးချယ်စနစ်၊ လျှို့ဝှက်ဆန္ဒမဲပေးစနစ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမအသင်းကိုယ်စားလှယ်များထဲမှ အမှုဆောင် ဒါရိုက်တာအဖွဲ့ (၅)ဦးနှင့် အသင်းစာရင်းစစ် (၂)ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်ဒါရိုက်တာအဖွဲ့ (၅)ဦးအနေဖြင့် အချင်းချင်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)