ညောင်ဦး ဇန်နဝါရီ ၉
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသည်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဆောင်ပုဒ်နှင့်အညီဦးစီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုကိုခံယူ၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ မူလသွင်ပြင်စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့နေစေရေး တူးဖော်သုတေသနလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် “ရွာဟောင်းကြီး Buddhist Complex ရှိ ရှေးဟောင်းစေတီပုထိုးများ၊ အုတ်ကျောင်းများ၊ တံတိုင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်း (ဆွေးမြေ့အုတ်များ ဖယ်ရှားခြင်း၊ အုတ်အစားထိုးဖြည့်စီခြင်း)လုပ်ငန်း” အား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် အဆိုပါ တူးဖော်သုတေသနပြု လုပ်ငန်းခွင်သို့ ဇန်နဝါရီ ၉ ရက်၊ နံနက် ၉ နာရီအချိန်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၇၈၉၊ ၁၇၉၀ (ဆင်ခံဘုရား)၊ စံကားကျောင်းတိုက်၏ မဟာ ရံတံတိုင်းအရှေ့ဘက်တို့အား တူးဖော်သုတေသနပြု ဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့ကို တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ဦးစီးအရာရှိ(သုတေသန)နှင့် တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသခဲ့ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း