မြစ်သား ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများအား Power Point ဖြင့်ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးက ရွေးကောက်ပွဲ ၌ လုံခြုံရေးလုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက လုံခြုံရေးကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးသန်းမောင်က ကြိုတင်မဲကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦစီးမှူး ဦးအောင်သန်းက မှတ်ပုံတင်ကိစ္စရပ်များဆွေးနွေးရှင်းလင်းခြင်းနှင့် တက်ရောက်လာသောဌာနဆိုင်ရာများမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများ စုစုပေါင်းအင်အား ၄၃၀ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)