ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ဒေါပုံဈေးအတွင်း ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေါပုံ ဇန်နဝါရီ ၈

ဗိုလ်တထောင်ခရိုင် ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းဦးဆောင်၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က ဒေါပုံဈေးအတွင်း ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ဒေါပုံမြို့နယ်တွင် ဆန္ဒမဲပေးရမည့် နေ့ရက်၊ ပြည်သူများ မဲပေးနိုင်ရေးအတွက် နှိုးဆော်သည့် ဆောင်ပုဒ်များ ပါဝင်ပြီး ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ဒေါပုံဈေးသို့ လာရောက်ကြသည့် ဈေးဝယ်သူများနှင့် ဈေးရောင်းချသူပြည်သူများအား လက်ကမ်းစောင်ရေ (၂၀၀၀) ကို ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးစန္ဒာ (ပြန်/ဆက်)