နေပြည်တော် ဇန်နဝါရီ ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်သို့ သွားရောက်ပြီး သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ဧက(၂၀၀) စိုက်ပျိုးရေး ရှင်းလင်းဆောင်အနီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်တံမြောင်းအမှတ်(၁၁) အားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ချောင်းမငယ် ဆည်ရေသောက်စနစ် (ဆင်အုံကန်အောက်ပိုင်း) လက်တံမြောင်းအမှတ်(၁၁) RD-16800 ပေတွင် Level Crossing ပြုလုပ်၍ စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေထိန်းတံခါးတည်ဆောက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများကို သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ မြောင်းဘောင်များ ရေရှည်ကြံ့ခိုင်မှုရှိစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ လက်တံမြောင်းတစ်လျှောက် ရေလေလွင့်မှုမရှိစေရန်နှင့် ရေကူဒေသရှိစိုက်ပျိုးမြေများသို့ ဆည်ရေအပြည့်အဝပေးဝေနိုင်ရေး၊ သီးနှံစိုက်ပျိုးချိန်များတွင် ရေပေးဝေမှုအဟန့်အတားမဖြစ်စေရန်နှင့် စိုက်ပျိုးရေကို စိုက်ဧကများ တိုးချဲ့ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ခရမ်းကိုင်းကျေးရွာအုပ်စု၊ ဧက(၂၀၀) စိုက်ပျိုးရေးရှင်းလင်းဆောင်၌ မြေနမူနာစစ်ဆေးရန် မြေနမူနာကောက်ယူ သရုပ်ပြခြင်းနှင့် တောင်သူတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများအထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံပင်ကြွင်းကျန်များ၊ ဓာတ်မြေဩဇာများကို အပြည့်အဝအချိုးကျ အသုံးပြုခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာလိုက်နာကျင့်သုံးခြင်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးပြုရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများက ပူးပေါင်းပါဝင်မှု နည်းစနစ်များကို စနစ်တကျလိုက်ပါ ဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ စိုက်ပျိုးမည့်မြေများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားများကို စမ်းသပ်စစ်ဆေးပြီးလိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေးအစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ကြပြီး မြေနမူနာစစ်ဆေးခြင်းနှင့် မြေနမူနာကောက်ယူသရုပ်ပြခြင်းအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈၂၆) တောင်သူ ဦးရဲဝင်း၏ လယ်မြေ၌ စက်မှုလယ်ယာဦးစီးဌာနမှ နည်းပညာသစ် လယ်ယာသုံးစက်ကိရိယာများဖြင့် မြေဆီလွှာ ပြုပြင်ဆောင်ရွက်နေမှုကွင်းသရုပ်ပြခြင်းအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)