အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်၌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား

အမရပူရ ဇန်နဝါရီ ၈

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဖူဆယ်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့်ကော်မတီဝင်များ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာလဲ့လဲ့ဝင်းနှင့်ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကျောင်းမှူးနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာအား ချီတက်အလေးပြုကြသည်။ ထို့နောက် ပါမောက္ခချုပ်က ကွင်းဖွင့်အမှာစကား ပြောကြားပြီး ဖူဆယ်ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဖူဆယ်ပြိုင်ပွဲတွင် အုပ်စုပထမပွဲစဉ်အဖြစ် ဓာတုဗေဒအသင်းနှင့် စိတ်ပညာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဓာတုဗေဒအသင်းက ကိုးဂိုး၊ တစ်ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် အားကစားပညာအသင်းက ရူပဗေဒအသင်းကို လေးဂိုးနှစ်ဂိုးဖြင့်လည်းကောင်း၊ တတိယပွဲစဉ် တွင် ရုက္ခဗေဒအသင်းက အင်္ဂလိပ်စာအသင်းကို တစ်ဂိုး၊ ဂိုး မရှိဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြောင်းနှင့် အုပ်စုပွဲစဉ်များကို ဇန်နဝါရီ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၆) သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)