ကျောက်မဲ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂) ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအာကာဇင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဆွေးနွေးခဲ့သည်။
ယင်းနောက် ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိဇာနည်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ပြည်သူ (၃၀၀) ဦးကျော်ခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို စိတ်ဝင်တစားလက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။ ကျောက်မဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို ကျန်ရှိနေသည့် ရပ်ကွက်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲခရိုင်(ပြန်/ဆက်)