နေပြည်တော် ဇန်နဝါရီ ၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက Al-Driven Transformation သင်တန်း စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယနေ့ကမ္ဘာ့နိုင်ငံအများစုသည် Digital Government ကို ဦးတည်လျှောက်လှမ်းနေကြပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း Digital Government ကို ဦးတည်ချည်းကပ်ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသော နည်းပညာသစ်များနှင့်အတူ နောက်ကျကျန်ခြင်းမရှိဘဲ လိုက်ပါ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကို ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသော နယ်ပယ်အသီးသီးတွင် အသုံးချပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းအစီအမံများကို ထိရောက်အကျိုးရှိစွာ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းရေးကို ပိုမိုမြန်ဆန်စွာဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင် သော လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်စေရေးနှင့် ဝန်ကြီးဌာနအသီးသီးတွင် နည်းပညာ ဆိုင်ရာ အဓိကစီမံခန့်ခွဲကြမည့် CIO/ACIO များအနေဖြင့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာအလေ့အကျင့်ကောင်းများကို လေ့လာပေါင်းစပ်ပြီး ဝန်ကြီးဌာနများနှင့် လိုက်လျောညီထွေရှိစေမည့်စနစ်များကို ထိန်းညှိဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ AI-Driven Transformation သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ AI-Driven Transformation သင်တန်းကို ယခုလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအတွင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတွင် AI ၏ သဘောတရားများ၊ Generative AI များ၏ အသုံးချနည်းများ၊ AI စနစ်များ ဒီဇိုင်းဆွဲခြင်းနှင့် Data အရည်အသွေး စီမံခန့်ခွဲခြင်းနည်းလမ်းများ၊ Algorithm ရွေးချယ်ခြင်း၊ AI ဖြင့် ဒေတာများခွဲခြမ်း စိတ်ဖြာခြင်း နှင့် AI Roadmap ရေးဆွဲခြင်း၊ Key Performance Indicator (KPI) & Return On Investment (ROI)သတ်မှတ်ခြင်းနှင့် AI Talent များကို ရေရှည်တည်တံ့စွာဖွံ့ဖြိုးစေခြင်းတို့ကို လက်တွေ့ Case Study များနှင့် Project များမှ တစ်ဆင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များ အတွင်း ပေါင်းစည်းအသုံးချနိုင်စေရေး သင်ကြားပေးမည်ဖြစ်ပြီး AI-Driven Transformation 0610/01/25-26 သင်တန်းသို့ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း (၃၀) ဦးပါဝင်တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။
ဖြူလူသစ်