ညောင်ရွှေမြို့နယ် အ.ထ.က(အင်းပေါခုံ)၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်

ညောင်ရွှေ ဇန်နဝါရီ ၈

၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ(အင်းပေါခုံ)၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စွာလင်းက ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလ မဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဦးက ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သတင်းမှတ်တမ်းရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပက်ထရစ်ဗြူးက မဲရုံများ ကြိုတင်ပြင်ဆင်‌ ဆောင်ရွက်‌ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မြသန္တာဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် မဲရုံအသီးသီးတွင် တာဝန်ကျသည့် စက်ကိုင်ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို တစ်ဦးချင်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ