မူဆယ်နယ်စပ်ကုန်သွယ်ရေး မန့်ဝိန်းဂိတ်အား(၂၄)နာရီစတင်ဖွင့်ပြီ

မူဆယ်  ဇန်နဝါရီ 

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကုန်သွယ်ရေး လမ်းကြီးအဖြစ် အသုံးပြုထားသော မူဆယ်-ရွှေလီ (ယူနန်ပြည်နယ်-တရုတ်နိုင်ငံ) အဓိကပို့ကုန် လမ်းကြောင်းဖြစ်သည့် မူဆယ်မန့်ဝိန်းဂိတ်ပေါက်အား နယ်စပ်အာဏာပိုင် နှစ်ဦးနှစ်ဖက် သဘော တူညီချက်အရ မန်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်ပ ပို့ကုန်ယာဉ်များဝင်ထွက်ခွင့် စတင်ပြီဖြစ်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က မူဆယ်ခရိုင် နယ်ခြားရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် အတည်ပြု ပြောကြား သည်။

လွန်ခဲ့သောနှစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြီး ပြန့်ပွားလာသော  Coronavirus ကူးစက်ပြန့်ပွားနေမှုကြောင့် မြန်မာတရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ် များ၏ လိုအပ်ချက်အရ ပိတ်ပင်ခဲ့ရာ နှစ်နိုင်ငံရင်းနှီးချစ်ကြည်ဆက်ဆံရေးအရ အဓိက အခြေခံ စားသုံးပို့ကုန် မပြတ်လပ်စေရေး အပြန်အလှန်ချစ်ကြည်ရေးကို ထောက်ထားသဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ မူဆယ် (မန့်ဝိန်းဂိတ်၊ ဝမ်တိန်ဂိတ်၊ ကျင်စန်းကျော့ဂိတ်)များကို အချိန်နာရီကန့်သတ်ချက်များဖြင့်  မြန်မာ့ပို့ကုန်များ တင်သွင်းခွင့်ပြု ခဲ့သည်။

ယခုအခါ တစ်နှစ်တာကာလကြာမြှင့်ပြီး မြန်မာ့ပို့ကုန်များ ဖြေလျော့တင်ပို့ခွင့်ကို နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ညှိနှိုင်းချက်အရ တင်သွင်း ခွင့်ပြု၍ (မြန်မာ-တရုတ်)နယ်စပ်ဂိတ်များထံမှ မူဆယ်မြို့တွင်း နယ်ခြားဂိတ်ဖြစ်သော မန့်ဝိန်းဂိတ်မှတဆင့် မြန်မာပင်လယ်ထွက်ကုန် သားငါးမှ အစပြုပြီး လယ်ယာသီးနှံထွက်ကုန်များကို (၂၄)နာရီဂိတ်ဖွင့်ပြီး ကုန်စည်ပို့ဆောင်ရေးကားများကို  ဝင်ခွင့်ပြုနေပြီဖြစ်ပါသည်။ ထိုသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိမ်နီးချင်းနိုင်ငံများအနက်၊ အိမ်နီးချင်း နိုင်ငံများစွာထဲမှ မြန်မာနိုင်ငံကို အထူးအစီအစဉ်ဖြင့် ကုန်သွယ်ခွင့် ကုန်စည်ပို့ဆောင် ဦးစားပေး ပထမဆုံး သွင်းကုန်တင်သွင်း ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

မူဆယ် နယ်ခြားဂိတ်မှတဆင့် မြန်မာ့ပို့ကုန်များ တစ်ရက်တွင် ၂၂ဘီးကုန်တင်ယာဉ်ကြီး စီးရေထောင်ကျော်သွားရောက်ခဲ့ရာမှ ကိုဗစ်ပယောဂကြောင့် ရာဂဏန်းပင် မပြည့်မီဘဲ နေ့စဉ် ဝင်ရောက်ခဲ့ရာမှ ယခုအစီအစဉ်သစ် သဘောတူညီမှုကြောင့် မြန်မာ့ပြည်ထွက် သားငါးများ မြန်မာ လယ်ယာထွွက်ကုန်သီးနှံများ နေ့စဉ်ရာဂဏန်းမှ အစပြုတိုးပြီး တင်ပို့ခွင့်ရရှိတော့မည်ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်တင်ပို့ နိုင်ခြင်းကြောင့် မြန်မာ့ရေလုပ်သားများနှင့် လယ်ယာလုပ်ငန်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာမည်ဟု မျှော်လင့်ရသည်။

ကိုဗစ်-၁၉ ကြောင့် မြန်မာ့ပို့ကုန်များ တရုတ်နိုင်ငံသို့ မတင်ပို့နိုင်သဖြင့် မြန်မာနိုင်ငံအခြေခံ လူတန်းစားမှ အစပြုပြီး ကုန်သွယ်လုပ်ငန်းခွင်များ အထိ အလုပ်အကိုင်အခွင့်အလမ်း နစ်နာဆုံးရှုံးရသကဲ့သို့ တရုတ်နိုင်ငံဖက်၌လည်း အခြေခံစားသုံးသူများအထိ ခက်ခဲမှုများရင်ဆိုင်ရကြောင်း နှစ်နိုင်ငံအဆင်ပြေစွာ ကုန်စည်ပို့ဆောင်တင်သွင်းနိုင်မှသာ နှစ်နိုင်ငံအောက်ခြေ  အခြေခံပြည်သူများ  စိတ်ချမ်းမြေ့လူမှုဘဝမြှင့်တင်နိုင်ကြမှာ ဖြစ်ကြောင်း (..၂၀၂၁)ရက်နေ့ နယ်စပ်ကော်မတီ တွေ့ဆုံပွဲတွင် ရွှေလီမြို့ ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင် Mr.Yang Shi Yong က ကြိုတင်ဖွဲ့ဆိုပြောခဲ့သည်။

ယခုအခါ နှစ်နိုင်ငံနယ်ခြား အာဏာပိုင်များ ပူးပေါင်းညှိနှိုင်းမှုဖြင့် ပဲ ပြောင်း နှမ်း ဆန် စသဖြင့် ဒေသထွက်ရွှေဖရုံသီးကိုလည်း တရားဝင် တင်ပို့ခွင့် ပြုတော့မည်ဖြစ်ရာ မူဆယ်နယ်ခြားဂိတ်များ အသက်ဝင်လာတော့မည်ဖြစ်သည်။

ထိုသို့ မူဆယ်နယ်စပ်ဂိတ်အသက်ဝင်လာသည်နှင့်အမျှ မြန်မာပြည်အရပ်ရပ်မှ လာရောက်ကြသော အလုပ်သမားများစွာ အလုပ်အကိုင် အခွင့်အလမ်း လမ်းစရရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယနေ့ မူဆယ်ခရိုင်စုပေါင်းရုံးတွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသကုန်စည်စီးဆင်းမှု လျင်မြန်စေရေး  ဦးတည်ချက်အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် နယ်စပ်ဒေသအာဏာပိုင်များ တွေ့ဆုံအစည်းအဝေးတွင် အများပြည်သူ လုပ်ငန်းရှင်များ သိရှိနိုင်ရေးဆွေးနွေးမှုများကို တင်ပြရခြင်း ဖြစ်သည်။

အယ်လ်စိုး (မူဆယ် ပြန်/ဆက်)