နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် အနိမ့်တင် solar pump အသုံးပြုပုံရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်

ဇမ္ဗူသီရိ ဇန်နဝါရီ

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူများနှင့်တွေ့ဆုံကာ အနိမ့်တင် solar pump အသုံးပြုပုံရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အနိမ့်တင်ဆိုလာပန့်များကိုတောင်သူများရေတင်ကုန်ကျစရိတ် သက်သာစွာဖြင့် သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်စေရန်အတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က အနိမ့်တင် solar pump  အသုံးပြုပုံများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သော အနိမ့်တင် solar pump များကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာ‌အုပ်စု တဲကြီးကုန်းကျေးရွာ‌သို့(၃)စုံ၊ ရှားတောကျေးရွာသို့(၁)စုံ၊ အလျင်လိုကျေးရွာအုပ်စု အလျင်လိုကျေးရွာသို့(၂)စုံ၊ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ နယ်မြေများဖြစ်ကြသော သက္ကယ်ချင်း၊ လက်ပံခါးလှ၊ ကြံ့ဖိုစုနှင့် တောက်ထိန်သို့ (၄)စုံ စုစုပေါင်း (၁၀)စုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)