ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေး နည်းပညာပေး ဆွေးနွေး

ပုဗ္ဗသီရိ ဇန်နဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက  ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးပွင့်ခိုင်ဦးဆောင်သည့် မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် စိုက်ပျိုးပညာပေးရေးဌာနခွဲများရှိ စိုက်ပညာရှင်အဖွဲ့မှ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုး​ရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးအတွက် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်သည့် သီးနှံပုံစံများ၊ ရိုးပြတ်များ အမြန်ဆွေးမြေ့ရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မြေဆီလွှာနှင့်ရေ စီမံခန့်ခွဲရေးနည်းလမ်းများ၊ မြေဩဇာစနစ်တကျ ထည့်သွင်းအသုံးပြုခြင်းနည်းလမ်းများ၊  ပိုးမွှားရောဂါနှင့် ပေါင်းမြက်များအား ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၆၂ ဦးအား ပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးရာ  ပညာရှင်အဖွဲ့(ရုံးချုပ်)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တောင်သူများအား  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)