ဒဂုံမြောက် ဇန်နဝါရီ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၃၇) ရပ်ကွက်၊ အမှတ်(ပ/၁၃) ရှိ YGN KTV ဆိုင်အား ခွင့်ပြုချက်မရဘဲ ဖွင့်လှစ် ထားရှိကြောင်း သတင်းအရ ယမန်နေ့ ည ၁၁ နာရီ ၄၀ အချိန်ခန့်က ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ဝင်ရောက် စစ်ဆေးခဲ့ရာ အဆောက်အဦ အတွင်းရှိ KTV အခန်းများအတွင်း၌ သီချင်းသီဆို နေသူများ နှင့် ဆိုင်ဝန်ထမ်း၊ ကျား(၅၃)ဦး၊ မ(၂၉)ဦး စုစုပေါင်း(၈၂) ဦးတို့အား တွေ့ရှိခဲ့ကြောင်း၊ KTV လုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ၊ စာရွက် စာတမ်းများကို သက်သေများ ရှေ့၌ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ KTV ဆိုင် ဖွင့်လှစ်လုပ်ကိုင်သူများ၊ လာရောက်စားသောက် သီဆိုသူများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်ချက် များအား လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ဒဂုံမြောက်ရဲစခန်းမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့် အရေးယူသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ