နေပြည်တော် ဇန်နဝါရီ ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကွင်း၊ ကွင်းအမှတ်(၁၆၂၃/က)၌ မြေချဉ်ငန်ကိန်းလက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာရယူဆောင်ရွက်ခြင်းများ စိုက်ပျိုးရေးတောင်သူများကို လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားအား တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများအထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံပင်ကြွင်းကျန်များ၊ ဓာတ်မြေဩဇာများကို အပြည့်အဝအချိုးကျအသုံးပြုခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာလိုက်နာကျင့်သုံးခြင်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာ အသုံးပြုရန်နှင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများက ပူးပေါင်းပါဝင်မှုနည်းစနစ်များကို စနစ်တကျလိုက်ပါဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေ၏ ချဉ်၊ ငန်ကိန်း၊ မြေတွင်းအာဟာရဆက်စပ်ပုံ၊ မျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အာဟာရဓာတ်များ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများမှ တောင်သူများအား မြေချဉ်ငန်ကိန်း တိုင်းတာခြင်းစက်ဖြင့် မြေဆီလွှာလက်တွေ့ စမ်းသပ်သရုပ်ပြ တိုင်းတာခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်သို့သွားရောက်ပြီး ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(တ)ကျေးရွာ၊ ကွင်းအမှတ်(၁၈၈၀)၌ မြေချဉ်ငန်ကိန်း လက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာ ရယူဆောင်ရွက်ခြင်းများ စိုက်ပျိုးရေးတောင်သူများကို လက်တွေ့သရုပ်ပြသမှုအား ကြည့်ရှု့စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက မြေဆီလွှာဂုဏ်သတ္တိနှင့် အာဟာရဓာတ်များပါဝင်မှုအခြေအနေများ၊ မြေချဉ်ငန်ကိန်းတိုင်းတာခြင်းစက်ဖြင့် လက်တွေ့စမ်းသပ်တိုင်းတာခြင်းများ၊ မြေဆီလွှာစစ်ဆေးခြင်း၊ မြေချဉ်ငန်ကိန်းနှင့် သီးနှံပင်မှ အာဟာရဓာတ်ရရှိနိုင်မှုအခြေအနေ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြေဆီလွှာဂုဏ်သတ္တိများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမည့်မြေများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားများကို စမ်းသပ်စစ်ဆေးပြီး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေဆီလွှာအနေအထားကိုမူတည်ပြီး လိုအပ်သည့်သွင်းအားစုများကို စနစ်တကျထည့်သွင်း ဆောင်ရွက်မှသာလျှင် သီးနှံများ အောင်မြင်ဖြစ်ထွန်းမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိစေရန် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စနစ်တကျစိုက်ပျိုးစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)