ဒဂုံ(အရှေ့) ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က ပြောကြားရာတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ မဲရုံများစနစ်တကျ ပြင်ဆင်ထားရန်၊ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မြိုနယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သက်မွန်ဆွေတို့မှ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒေသခံပြည်သူများ၏ မဲစာရင်းများ တိကျမှန်ကန်စွာပါရှိရေး၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက သိရှိလိုသည်များကို မေးမြန်းကြပြီး ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းတာဝန်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ