မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မောက်မယ် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်း စနစ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ်စံပြကွက် စိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးက လယ်ယာလုပ်ငန်းအတွက်ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေးဆွေးနွေးပြောကြားပြီး တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ်စံပြကွက် စိုက်ပျိုးသည့်တောင်သူများအား တာဝန်ရှိသူများက သွင်းစုများပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)