မိုင်းကိုင် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်များ သက်ဆိုင်ရာမဲရုံများအရောက် သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေချောမွေ့စေရေး၊ မဲရုံမှူး ၊ မဲရုံအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲမရှိစေရေး မဲစာရင်းစစ်ဆေးရာ၌ ကွန်ပျူတာများဖြင့် မဲစာရင်းများရှာဖွေနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲလာရောက်ပေးရာတွင် အချိန်ကြံ့ကြာမှုမရှိစေရေး၊ လမ်းခရီးအသွားအပြန် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးမည့်အဖွဲ့များ အသင့်စီစဉ်ထားနိုင်ရန်၊ မီးဘေးလုံခြုံရေး မီးသတ်ဆေးဘူးများနှင့် မီးသတ်ယာဉ်များ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ဆက်သွယ်ရေးခက်ခဲပြီး ဖုန်းလိုင်းမရရှိသည့် မဲရုံများတွင် ဆက်သွယ်ရေးအဆင်ပြေစေရန် starlink များ တပ်ဆင်ပေးနိုင်ရန်၊ မဲရုံလုံခြုံရေး၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုံခြုံရေးစနစ်တကျ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မဲရုံမှူးများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်း မဲဆန္ဒရှင်ဦးရေများသည့် မဲရုံများဖြစ်သော အမှတ်(၁)ရပ်ကွက် မဲရုံ၊ အမှတ်(၄)ရပ်ကွက် မဲရုံများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)