ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပထမပိုင်း အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအားကစားကွင်းတွင် ကျင်းပရာ ပညာရေးစုံညီပွဲတော် အလံကိုင်ပင်မစစ်ကြောင်း ဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းကြီး များက ကွင်းအတွင်းသို့ စစ်ကြောင်း ပုံသဏ္ဌာန် ချီတက်နေရာယူပြီး ခရိုင်အလိုက် စစ်ကြောင်းကြီးများက “ကျောင်းကောင်စီ” သီချင်းဖြင့် သံပြိုင် တီးခတ်သီဆိုကြကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား အလေးပြုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခရိုင်အလိုက် စစ်ကြောင်းကြီးများက “မြန်မာ့ကျောင်း” သီချင်းအား သံပြိုင် တီးခတ်သီဆိုကြာကာ ခရိုင်အလိုက် စစ်ကြောင်းကြီးများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “သွေးကြောထဲက အားမာန်” သီချင်းအား Fitness Exercise(PE-22) ဖြင့် လည်းကောင်း၊ ဆရာ၊ ဆရာမ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် လည်းကောင်း အသီးသီး သရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဒုတိယပိုင်းအစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပရာ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “သံစုံတီးဝိုင်း” ဖြင့် ဧည့်ခံဖျော်ဖြေပြီး ကမာရွတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချို မြတ်အောင်က ပညာရေးစုံညီပွဲတော်အကြောင်း ရှင်းလင်းတင်ပြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းများမှ ထူးချွန်ဆုများ ရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မင်းသား အောင်ဇမ္ဗူက “ရွှင်လန်းပါစေ” သီချင်းနှင့် “မြတစ်ခတ်” သီချင်းဖြင့် လည်းကောင်း၊ ဗဟန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “နပန်းဆံ” သီချင်းဖြင့် လည်းကောင်း၊ အထက(စက်၊ စိုက်၊ မွေး) သုဝဏ္ဍမှ ကျောင်းသူများက “သနပ်ခါး” သီချင်းဖြင့် လည်းကောင်း၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “ပန်းတိုင်းပွင့်ပြီး မြန်မာပြည်” သီချင်းဖြင့် လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “စကားဝါမြေ” သီချင်းဖြင့် အသီးသီး သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပညာရေးစုံညီပွဲတော် ကျင်းပရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က လက်ခံရယူသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ခင်းကျင်းပြသထားသည့် IT ပြခန်းများ၊ စက်မှုပြခန်း၊ စိုက်ပျိုးရေးပြခန်းနှင့် မွေးမြူရေးပြခန်းစသည့် ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)