ပင်းတယ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာတာကိုတွေ့နေရပြီး၊ ရှမ်းပြည်နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာခုနှစ်အတွင်းမှာ အဖျက်စွမ်းအားကြီးမားပြင်းထန်တဲ့ ရာကီတိုင်ဖုန်းမုန်တိုင်းကြောင့် ရေဘေး၊ မန္တလေးငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတွက်လည်း သဘာဝဘေးကြောင့် ပျက်စီးမှုနှစ်နှင့်ကြုံတွေ့ခဲ့ရသည့်အတွက် နိုင်ငံတော်နဲ့ပြည်သူများအတွက် ရေရှည်၊ ရေတိုဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို များစွာထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာမှာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနဲ့အညီ ဦးစားပေးလုပ်ငန်းစဉ်များကိုချမှတ်ပြီး ကဏ္ဍစုံအလိုက်တစ်ပြိုင်တည်းအရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးဖြစ်စဉ်များအပေါ်မှာ သင်ခန်းစာရယူပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေကို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုနဲ့အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဌာနဆိုင်ရာအားလုံးနှင့်ပြည်သူလူထုတစ်ရပ်လုံးမှ တက်ကြွစွာပါဝင်ဆောင်ရွက်ဖို့လိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ပင်းတယမြို့နယ်အတွင်း ငလျင်ဘေးသင့်နေအိမ် (၁၉၈)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရရှိသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် ပင်းတယမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေသားဖြင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပင်းတယမြို့နယ်အတွင်း ပျက်စီးနေအိမ်(၁)ထပ်တိုက်နေအိမ် (၁၈)လုံးအတွက်ငွေကျပ်(၁,၁၉၉.၉၉) သိန်း၊ (၂)ထပ်တိုက်နေအိမ် (၁၇၇)လုံးအတွက် ငွေကျပ် (၂၁,၂၄၀) သိန်း၊ (၃)ထပ်တိုက်နေအိမ် (၃) အိမ်အတွက် ငွေကျပ်(၅၄၀)သိန်း စုစုပေါင်းနေအိမ် (၁၉၈) လုံးအတွက် စုစုပေါင်း ငွေကျပ် ( ၂၂,၉၇၉.၉၈၈) သိန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)