ညောင်ဦးမြို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ညောင်ဦး ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီအချိန် ပန်းမျိုးတစ် ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ ကျောင်းသူလေးများက”ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ညောင်ဦးခရိုင်ပညာရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁) အခြေခံပညာအထက်တန်း‌ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်က ကျောင်း၏ပညာရေးအခြေအနေများနှင့် စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆုရရှိသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းတွင်း ဘက်စုံလှုပ်ရှား ထူးချွန်ဆုများကို ကျောင်းသား၊ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပညာရေးစုံညီပွဲတော်အတွက် ကူညီပံ့ပိုးပေးကြသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူလေးများက တန်းစဉ်အလိုက်၊ အဖွဲ့အလိုက် ပညာရေးစုံညီပွဲတော်အား သီဆိုဖျော်ဖြေကြကာ ဘက်စုံပညာတို့ လှမ်းချီသီချင်းဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)