ချမ်းမြသာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း အခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ  ၇

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း အခမ်းအနားကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ‌ ဒေါ်ဇင်မာအောင်က  မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူများနှင့် မဲရုံလုံခြုံရေး တာဝန်ယူ ဆောင်ရွက်ကြမည့်ဆရာ၊ ဆရာမများအား (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာလုပ်ငန်း လက်စွဲပါဘာသာရပ်များဖြစ်သည့် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ပစ္စည်းများ၊ မဲပေးစက်အား စစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင် နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဇန်နဝါရီ ၇ ရက်နေ့မှ ၈ ရက်‌နေ့အထိ သင်တန်းကာလ ၂ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီး မဲရုံရှိသည့် ရပ်ကွက်အလိုက်ဆရာ/ဆရာများအား မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်​ခြင်း အသုံးပြုခြင်းစသည့်တို့ကို သိပ္ပံနှင့် နည်းပညာကျောင်းမှ ဆရာ/ဆရာမများက လက်တွေ့ရှင်းလင်းပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ရေးမှူး ဦးမြင့်ဇော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရုံးစာရေးများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)